US Agency for Global Media

News and Information from Around the World

Clear all
28 Aug 2026, 17:16 GMT By RFA Burmese

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးကာကွယ်သူတွေဟာ စောင့်ကြည့်ခံရမှု၊ သွားလာခွင့်ကန့်သတ်ခံရမှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကြားမှာ ဆက်လက်လုပ်ကိုင်နေရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဩဂုတ်လ ၂၇ ရက်နေ့မှာ အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။ “ကြောက်ရွံ့မှုများကြား၌ တိတ်ဆိတ်စွာ ရှင်သန်ရုန်းကန်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကာကွယ်သူတွေ သွားလာတဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးခံရတာနဲ့ ဖုန်းတွေ စစ်ဆေးခံရတာတွေ ပါဝင်တယ်လို့ KHRW ရဲ့ ဒါရိုက်တာ ဆိုင်းမိုင်က RFA ကို ပြောပါတယ်။ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့သူတွေမှာ အဓိကအန္တရာယ် ကြီးကြီးမားမားအနေနဲ့ ခြိမ်းခြောက်နေတဲ့အရာတွေက သွားလာတဲ့အခါ စစ်ဆေးတင်းကြပ်တဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေပေါ့နော်။ ပြီးလို့ရှိရင် ဒီလေယာဉ်ကွင်းတို့၊ ဂိတ်တို့၊ တံတားထိပ်တို့ပေါ့နော်။ မြို့ထဲမှာတောင်မှ စစ်ဆေးမေးမြန်းတဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေက တော်တော်လေးကို အန္တရာယ်ဖြစ်စေတယ်။ ဒီဟာကလည်း ပိုပြီးတော့ စိုးရိမ်စရာကောင်းတဲ့ဟာက မတရားဖမ်းဆီးမှုတွေ၊ မတရားဖမ်းဆီးမှုနဲ့အတူ တွဲပါလာတာက နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဒီလိုမျိုးအခြေအနေတွေ ဖြစ်မှာကို ကျွန်မတို့အနေနဲ့ အလွန်အမင်း စိုးရိမ်တယ်” အဲဒီအစီရင်ခံစာအတွက် ၂၀၂၆ ခုနှစ်အတွင်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၂၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားလာတာကလည်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးသူတွေအတွက် နောက်ထပ်စိန်ခေါ်မှု ဖြစ်လာနေတယ်လို့ KHRW က ပြောပါတယ်။ လူ့အခွင့်အရေးကာကွယ်သူတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာစစ်တပ်တစ်ဖက်တည်းမဟုတ်ဘဲ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဖွဲ့အစည်းမျိုးစုံရဲ့ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှု၊ သွားလာခွင့်ကန့်သတ်မှုနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုတွေကြားမှာ လူသိရှင်ကြား မလုပ်ရဲတော့ဘဲ တိတ်တဆိတ် လုပ်ကိုင်နေရတာကြောင့် ရန်ပုံငွေနဲ့ အထောက်အပံ့ရရှိမှုတွေ လျော့နည်းလာတယ်လို့လည်း KHRW က ပြောပါတယ်။ ဒါကြောင့် အလှူရှင်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ နိုင်ငံတကာအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ (INGOs) နဲ့ သံရုံးတွေက မြန်မာနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေအတွက် ရေရှည်တည်တံ့ပြီး ဒေသအခြေပြု ကာကွယ်ရေးအထောက်အပံ့တွေ ပေးဖို့ KHRW က တောင်းဆိုထားပါတယ်။ အဲဒီအထောက်အပံ့တွေထဲမှာ အရေးပေါ်နေရာရွှေ့ပြောင်းရေး၊ လုံခြုံတဲ့နေရာတွေ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေးအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးသင်တန်းတွေအပြင် အသက်မွေးဝမ်းကျောင်းအထောက်အပံ့နဲ့ မိသားစုတွေအတွက် ကာကွယ်ရေးအစီအစဉ်တွေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အန္တရာယ်တွေကြားကပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ လူမှုအသိုင်းအဝိုင်းတွေအတွက် ကာကွယ်စောင့်ရှောက်မှု၊ အမှန်တရားဖော်ထုတ်ရေးနဲ့ တာဝန်ယူမှုရှိစေရေးအတွက် ဆက်လက်လုပ်ဆောင်နေကြတယ်လို့ KHRW က ပြောထားပါတယ်။ KHRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြောဆိုချက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ တုံ့ပြန်ချက်ရဖို့ RFA က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Download metadata bundle
28 Aug 2026, 16:46 GMT By RFA Burmese

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၅ ရွာက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ နဲ့ ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ဩဂုတ်လ ၂၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့မှာ မင်းတုန်းမြို့နယ်ဘက်ကနေ အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စစ်ကြောင်းက အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ပြောပါတယ်။ လက်တလောမှာ နှစ်ဖက်တိုက်ပွဲတွေ နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချို က RFA ကို ပြောပါတယ်။ “စစ်တပ်နဲ့ ခုနှစ်ရက် နီးပါးလုံး ဆိုင်ထားတာဆိုတော့ ပစ်လို့ရတဲ့အချိန်တိုင်း ရရင် ရတဲ့အချိန်တိုင်း နေ့ရောညပါ ပစ်နေကြတာပေါ့။ အဲမှာ ကျတာတွေ ရှိပါတယ်။ တိုက်ပွဲအကြိမ်ရေကို တိတိကျကျ ပြောဖို့ ခက်ပါတယ်။ ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် အများကြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။” မင်းတုန်းမြို့နယ်ထဲက ပြောင်းရွာ၊ သဖန်ရောင်ရွာ၊ ထန်းပင်ကုန်းရွာ၊ သီးပင်ကုန်းရွာ၊ ဖြူကန်ရွာ၊ တောင်လက်ရွာ၊ ကင်မွန်းဒေါင့်ရွာ၊ တမာရွာ၊ ထန်းလေးပင်ရွာ၊ ရွာသစ်ရွက်ရွာ၊ ကြို့ဝရွာ၊ ဝက်ကော်ရွာ၊ ကံမနိုင်ရွာ၊ မြောက်ပြင်ရွာ နဲ့ တစို့တုံရွာတွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်တပ်ခန့်အစိုးရကလည်း တစ်စုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တပ်မ ၅၅ ကနေလာတဲ့ အင်အား သုံးထောင်ခန့်ဟာ ကားအစီးရေ ၁၃၀ ခန့်နဲ့ ရခိုင်ပြည်နယ်ထဲကို စစ်ကြောင်းထိုးဖို့ ရခိုင်ရိုးမအစပ်မှာရှိတဲ့ မင်းတုန်းမြို့ကို ဝင်ရောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Download metadata bundle
28 Aug 2026, 15:29 GMT By RFA Burmese

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို ဩဂုတ်လ ၂၅ ရက်နေ့က အင်အား သုံးရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးထားတဲ့ ဒေသခံ ၁၃ ဦးကို ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အားသုံးရာဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းရာမှာ အချိန်မီမရှောင်ပြေးနိုင်တဲ့ ဒေသခံတွေနဲ့ သံဃာနှစ်ပါး ဖမ်းဆီးခံလိုက်ရပေမဲ့ အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။ “အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်ဗျ။ ကျန်တဲ့လူတွေကိုတော့ စစ်ကြောင်းနဲ့အတူ ဓားစာခံသဘောမျိုး ဖမ်းခေါ်သွားတယ်။ အဖမ်းခံထားရတဲ့သူတွေကတော့ အမျိုးသားတွေပါ။ အခု စစ်ကြောင်းနဲ့အတူ အဖမ်းခံထားရတဲ့သူတွေက ကျောက်ကုန်းရွာဘက်မှာ ရှိနေတယ်လို့ သိထားတယ်ဗျ။ ဖမ်းခံရတာလည်း သုံးရက်ကျော်ရှိလာတော့ မိသားစုဝင်တွေက စိုးရိမ် နေကြတာ။ သတင်းလည်း မရတော့ ပိုစိုးရိမ်ကြတယ်” စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာက ဒေသခံ ၁၃ ဦးကို ဖမ်းဆီးပြီးနောက် ပတိန်ပြင်ရွာ၊ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာနဲ့ ကွေ့ချောင်းရွာတို့ကိုလည်း စီးနင်းဝင်ရောက်ကာ နေအိမ် အလုံးရေ လေးဆယ်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ညနေပိုင်းမှာတော့ ကွေ့ချောင်းရွာကနေ သကြားစက်ရွာမှာ ညအိပ်တပ်စွဲကာ အနီးအနားဝန်းကျင်က တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျောက်မှော်၊ စုန်းချောင်း၊ ကွေ့ချောင်း၊ နဘူးတော၊ သံဘို၊ ကြက်လျှာ၊ ငကြားစက်နဲ့ကျောက်ကုန်းရွာ စတဲ့ ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံ ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

Download metadata bundle
27 Aug 2026, 21:32 GMT By RFA Burmese

ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လယ်ဧက တစ်သိန်းကျော်ပျက်စီးတဲ့အတွက် ဆန်တန်ချိန် ၁ သိန်းနီးပါးဆုံးရှုံးမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း သတင်းပေးပို့ချက်ကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download metadata bundle
27 Aug 2026, 21:17 GMT By RFA Burmese

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဩဂုတ်လ ၂၄ ရက်ကနေ ၂၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က RFA ကို ပြောပါတယ်။ ရွှေကူမြို့နယ်အတွင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လုံခြုံရေးယူဖို့ စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာကြောင့် ရွှေကူနဲ့ဗန်းမော်ကြားက ဆင်ခန်းတံတားအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ဗန်းမော်၊ ကသာဘက်ကို ရိက္ခာနဲ့ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ ပို့ပေးနိုင်ဖို့ တက်လာတဲ့ သင်္ဘောတွေကို လုံခြုံရေးယူတဲ့ တိုက်ပွဲကတော့ အဓိက ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကမ်းဘေး နှစ်ဖက်မှာ လေကြောင်းနဲ့ ပစ်တာ ရှိတယ်။ တိုက်ပွဲ မရှိတဲ့နေ့မှာလည်း လေကြောင်းနဲ့ တိုက်တာတွေ တွေ့ရပါတယ်။ ဒါကြောင့် အဓိက သူတို့ရဲ့ သင်္ဘောအတွက် လမ်းကြောင်းရှင်းတဲ့ တိုက်ပွဲဖြစ်ပါတယ်” စစ်တပ်ရေယာဉ်တွေ တိုက်ခိုက်မခံရအောင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့စဉ် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့လည်း သူက သတိပေးပါတယ်။ တိုက်ပွဲတွေ တစ်နှစ်ကျော်ကြာ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို စစ်ကူပို့ဖို့အတွက် စစ်တပ်ရေယာဉ် ၁၄ စင်းဟာ ဩဂုတ်လ ၂၁ ရက်ကတည်းက မန္တလေးဘက်ကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာဖြစ်ပါတယ်။ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အဲဒီစစ်တပ်ရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိသလို စစ်လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ရေယာဉ်တွေဟာ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ညနေပိုင်းမှာ ရွှေကူမြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေကို ကုန်းလမ်းကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်နိုင်တဲ့ လမ်းကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်၊ ဖြတ်တောက်ထားတာကြောင့် ဗန်းမော်ဘက်ကို လိုအပ်တဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို စစ်တပ်က ရေကြောင်းကနေ ပို့ဆောင်နေရတယ်လို့ KIA က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Download metadata bundle
27 Aug 2026, 21:09 GMT By RFA Burmese

ဇူလိုင်လ ၃၀ ရက်က ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတနဲ့ ကျောင်းကုန်းမြို့နယ်တွေမှာ ရေဘေးဒုက္ခရင်ဆိုင်ရလို့ လယ်ဧက တစ်သိန်းကျော် နစ်မြှုပ်ခဲ့သလို စစ်ကိုင်းတိုင်းက ရွှေဘို၊ ဒီပဲယင်း၊ စစ်ကိုင်း၊ ဝက်လက်စတဲ့ မြို့နယ်ပေါင်း ၁၀ ကျော်မှာလည်း ရေဘေးရောက်နေတဲ့အတွက် လယ်နဲ့ ယာစိုက်ခင်း ဧကတစ်သောင်းကျော် ပျက်စီးဆုံးရှုံးတယ်လို့ ဆန်စပါး လုပ်ငန်းရှင်တွေနဲ့ လယ်သမားအရေးဆောင်ရွက်တဲ့သူတွေက RFA ကို ပြောပါတယ်။ ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့မှာ လယ်ဧက ၇ သောင်းကျော်ဟာ လုံးဝပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်ကုန်သည်တစ်ဦီးက ပြောပါတယ်။ “ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ငသိုင်းချောင်းမြို့နယ်မှာရှိတဲ့ လယ်ဧက စိုက်ဧက ၇ သောင်းကျော် လောက်ကတော့ လုံးဝ ပျက်စီးသွားတာ။ စပါးကလည်း စက်တင် ဘာ ၁၅ ရက်လောက်ဆို ဗမာပြည်အောက်ပိုင်းမှာ ဆန်သစ်တွေပေါ်ပြီ။ စပါးသစ်တွေပေါ်ပြီ။ ဒါပေသိ အခုလို ပျက်စီးသွားတဲ့အချိန်အခါမှာ ရေကျသွားရင်လည်း ပြန်ပြီးတော့ သူတို့က ပြန်စိုက်ပျိုးလို့မရတော့ဘူး။ အချိန်မမီတော့ဘူး” ပျက်စီးသွားတဲ့ လယ်မြေတွေဟာ တစ်ဧကကို မိုးစပါး တင်း ၇၀ ဝန်းထွက်လေ့ရှိတဲ့အတွက် ဧကတစ်သိန်းကျော် ဆိုရင် တင်းပေါင်း သိန်း ၇၀ ကျော်အထိ ဆုံးရှုံးနိုင်ချေရှိပါတယ်။ ဆန်တစ်တန်ရဖို့ စပါး တင်း ၈၀ ကနေ ၁၀၀ ကြားလိုတဲ့အတွက် အနည်းဆုံး ဆန်တန်ချိန် ၉ သောင်းကနေ တစ်သိန်းကြား လျော့သွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း ပေါင်းလိုက်ရင် ရေကြီးတဲ့ဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၂၀ ဝန်းကျင်ရှိပါတယ်။ ဒီလို ရေဘေးကြောင့်လယ်တွေပျက်စီးဆုံးရှုံးရသလို၊ ဒီနှစ်မှာ စပါးစိုက်တဲ့သူလျော့သွားလို့ လာမယ့်နှစ်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်စုစုနွေး က RFA ကိုပြောပါတယ်။ “ စက်သုံးဆီတွေ စျေးကြီးတာတွေရယ်၊ နောက်ပြီးတော့ လယ်ထဲကိုထည့်ရတဲ့ စာရိတ်တွေကပေါ့နော်၊ အရမ်းကြီး ကြီးတဲ့အတွက်ပေါ့နော် မစိုက်ဘဲနဲ့ ပစ်ထားတဲ့လယ်တွေ အများကြီးရှိပါတယ်။ ဒီနှစ်ကတော့ ကျွန်မတို့ ဧရာဝတီ တိုင်းကို ထိတာဆိုတော့လေ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ရှိတယ်။ အဲဒီလိုရှိတဲ့အတွက်ပေါ့နော်၊ အခုအချိန်ကနေ စပြီးတော့ပေါ့နော် ဆန်စျေးတွေက ထိုးတက်တယ်ပေါ့နော်။ အဲဒီတော့ နောက်နှစ် ဆိုရင်ပေါ့နော် မြန်မာနိုင်ငံက ထွက်တဲ့ ဆန်စပါးဟာပေါ့နော် မြန်မာနိုင်ငံမှာရှိတဲ့လူထုကို အပြည့်အဝမလုံလောက်နိုင်ဘူးလို့ ကျွန်မတို့က မြင်ပါ တယ်” အရင်က တစ်အိပ်ကို ကျပ်ခြောက်သောင်းခွဲ ရှိခဲ့တဲ့ ဆန်ကွဲက အခုဆိုရင် ကျပ် ၈၀၀၀၀ စျေးဖြစ်နေပြီး၊ ၈၀၀၀၀ ဝန်းကျင်ရှိတဲ့ ဆန်လတ်ကြီးတစ်အိတ်က အခုဆိုရင် ကျပ်တစ်သိန်းအထိ ဖြစ်နေတဲ့အတွက် တစ်အိပ်ကို နှစ်သောင်းလောက်စီစျေးတက်သွားသလို ကျပ် တစ်သိန်းလေးသောင်း ပေးရတဲ့ ဆန်တစ်အိတ်ကို ၁၈၀၀၀၀ အထိ စျေးတက်သွားတယ်လို့ သူက ပြောပါတယ်။ လယ်ဧက သောင်းနဲ့ချီ ရေနစ်မြှုပ်သွားတဲ့ လေးမျက်နှာမြို့နယ်မှာဆိုရင် နွေစပါးစိုက်ဖို့လည်းမလွယ်တော့ဘူးလို့ ငြိမ်းအေးရွာက လယ်သမားတစ်ဦးက ပြောပါတယ်။ “ လယ်တွေကတော့ ပြန်လုပ်ဖို့ မလွယ်တော့ဘူး ပြောပါတော့။ ဒီရေကလည်း ပြီးတော့ တော်သလင်း၊ သီတင်း ကျွတ်၊ တန်ဆောင်မုန်းတောင်မှ ပြန်ခံရင် ခံတယ်လေ။ နောက် နွေရာသီစပါးကျတော့လည်း မမီတော့ဘူးလေ။ ရေက အဲဒီဘက်မှာရေကျတော့မရဘူးလေ။ မိုးတစ်သီးပဲ စိုက်စားရတာဆိုတော့ မိုးတစ်သီးကို အခုလိုမျိုး ဖြစ်သွား တော့ လယ်ဧကပေါင်း သောင်းနဲ့ချီ ကုန်သွားတာပေါ့ ” မြန်မာနိုင်ငံမှာ နွေစပါးနဲ့ မိုးစပါး စိုက်ဧကပေါင်း ၁၇ သန်းဝန်းကျင်ရှိတဲ့အထဲက ဧရာဝတီတိုင်းမှာ ဧက သုံးသန်းခွဲ ရှိတယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးရဲ့ စပါးစိုက်ဧက ၁၇ သန်းနဲ့နှိုင်းယှဥ်ရင် ရေကြီးလို့ပျက်စီးတာ ဧက တစ်သိန်းကျော်ပဲရှိတဲ့ အတွက် ဆန်စပါးရှားပါးမှုမဖြစ်နိုင်ဘူးလို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “ ဧရာဝတီတိုင်းက စပါးစိုက်ဧကက အားလုံးဆိုလို့ရှိရင် သုံးသန်းကျော် ရှိတယ်လေ။ မြှုပ်တာတော့ ဧက တစ်သိန်းကျော် မြှုပ်တာပေါ့။ ဒါတွေကလည်း နောက် ကိုးလပိုင်းဆို ပြန်စိုက်မှာလေ။ အဲဒီအတွက် သိပ်ပြီးတော့ Effected မဖြစ်လှပါဘူး။ မိုးစပါးမရတာတောင် ပြဿနာမရှိဘူး။ နွေစပါးက ပိုပြီးတော့ အထွက်များတယ်လေ။ မဖြစ်နိုင်ဘူးဆိုတာက ကျွန်တော်တို့က တစ်နှစ်တစ်နှစ်ကို တန် နှစ်သန်းခွဲ သုံးသန်းတင်တာလေ။ ဧက တစ်သိန်း က ဘာပဲပြောပြော တစ်ဝက်လောက် ပြန်ရမှာပဲလေ။ တကယ်လို့မရလည်း သူတို့က ဆောင်းသီးနှံ သူတို့ပြန်စိုက် မှာပဲ။ ဧက လေးငါးသောင်း တစ်သိန်းလောက်နဲ့တော့ ဆန်စပါးရှားပါးမှုပြဿနာ မဖြစ်နိုင်ဘူး” မြန်မာနိုင်ငံမှာ မိုးစပါးနဲ့ နွေစပါးတစ်နှစ်ကို ဆန်တန်ချိန် ၁၆ သန်းဝန်းကျင် နှစ်စဉ်ထွက်ရှိပြီး ပြည်တွင်းစားသုံး မှုက ၈၀ ရာခိုင်းနှုန်းဝန်းကျင်ရှိတယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံကနေ စားသုံးလို့ ပိုလျှံတဲ့ ဆန်တန်ချိန် ၃ သန်းဝန်းကျင်ကိုပဲ ပြည်ပကို တင်ပို့တာဖြစ်ပြီး ပြည်ပတင်ပို့မှုဆန်ရဲ့တစ်ဝက်ဟာ ဧရာဝတီတိုင်းက ထွက်တာလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းက ရွှေဘိုပေါ်ဆန်းစပါး အစိုက်များတဲ့နေရာတွေမှာရေကြီးလို့ တစ်မြို့နယ်ကို လယ်နဲ့ ယာစိုက်ခင်း ဧကပေါင်း တစ်ထောင်ဝန်းကျင် ထိခိုက်ပျက်စီးရတဲ့အတွက် စစ်ကိုင်းတိုင်း အနေနဲ့ လယ်ဧက တစ်သောင်းကျော် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ လယ်သမားအရေးကူညီနေတဲ့ ဝက်လက်မြို့နယ်က ဒေသခံက ပြောပါတယ်။ “ ဒီပဲယင်းမြို့နယ်ဆိုရင် လယ်ဧကပေါင်း ထောင်ချီပျက်မယ့် အနေအထားရှိတယ်။ ရွှေဘိုမြို့နယ်ဆိုရင်လည်း လယ်စိုက်ပြီးသားတွေ ပျက်တာတွေ ရှိတယ်ပေါ့။ တော်တော်များများကတော့ ဒီရေကြီးရေလျှံမှုကြောင့် ဆုံးရှုံး နစ်နာမှုတွေကတော့ များများစားစားကြီးကို ရှိတာပေါ့။ ရွှေဘိုဆန်ကတော့ အထွက်နှုန်းလျော့သွားမှာပေါ့ လေ” မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ဆန်တန်ချိန်ဟာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဇန်နဝါရီလကနေ ဇူလိုင်လ အထိ ခုနှစ်လအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒဿမ ၃ သန်းကျော် (၁၃၂၁၄၅၈ တန်) တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

Download metadata bundle
27 Aug 2026, 20:31 GMT By RFA Burmese

ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး ၂၁ မှုရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ငါးဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။ ရက် ၁၀၀ စီမံချက်အတွင်း တိုင်းနဲ့ပြည်နယ်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ပြီး တရုတ်နဲ့ပူးပေါင်းကာ လူနာတစ်သိန်းကို နယ်လှည့်ဆေးကုသပေးမယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ကြေညာထားပါတယ်။ ဒါပေမဲ့ အဲဒီကာလအတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် အလုံအလောက်မရတာ၊ အချိန်မီ ဆေးရုံမပို့ပေးတာတွေကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦး သေဆုံးခဲ့တယ်လို့ PPNM က မရောင်နီလင်းက RFA ကို ပြောပါတယ်။ “သေဆုံးမှုတွေဟာ ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့အချိန်မှာ အချိန်မီဆေးကုသခွင့်မရရှိတာ၊ ဆေးရုံတင်ဖို့နောက်ကျတာတွေ၊ ပြီးတော့ သင့်လျော်တဲ့ ဆေးဝါးနဲ့စောင့်ရှောက်မှုမရတာတွေကြောင့် ဖြစ်ပါတယ်။ လိုအပ်တဲ့ဆေးက တစ်မျိုး၊ ပေးတဲ့ဆေးက တစ်မျိုးကြောင့် သေဆုံးခဲ့ကြရတာပါ။ အကျဉ်းသားတစ်ယောက်ရဲ့ အသက်အန္တရာယ်ရှိနေတဲ့အချိန်မှာ အချိန်မီဆေးဝါးကုသခွင့်က အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန်မီ ဆေးကုသပေးတာ၊ ဆေးရုံလွှဲပေးတာတွေ မလုပ်ပေးခဲ့လို့ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးခဲ့ကြရတာပါ” သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုအကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေဖြစ်ပြီး ရင်ကြပ်တာ၊ သွေးတိုးတာနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေ ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။ PPNM မှတ်တမ်းတွေအရ ညှဉ်းပန်းနှိပ်စက်တာနဲ့ တိုက်ပိတ်အရေးယူပြီး ခြိမ်းခြောက်တာ၊ မတရားအမှုတွေ ထပ်တိုးတာနဲ့ ပြန်လည်ဖမ်းဆီးတာ သုံးမှုအပါအဝင် အနည်းဆုံး လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၂၁ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ မကွေး၊ သာယာဝတီ၊ အင်းစိန်၊ ကျိုက်မရော၊ အိုးဘိုနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေမှာလည်း ထောင်စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေနဲ့ စာအုပ်တွေကို သိမ်းတာ၊ တိုက်ပိတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နံပါတ်တုတ်၊ ရာဘာတုတ်တွေနဲ့ ရိုက်နှက်တာ၊ နေပူထဲမှာ အချိန်အကြာကြီး ထိုင်ခိုင်းတာ၊ ရေနဲ့ အစားအသောက် ဖြတ်တောက်တာတွေလည်း ရှိခဲ့တယ်လို့ PPNM က ပြောပါတယ်။ လွတ်ရက်စေ့သွားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုကို ထောင်ဒဏ် ၁၀ နှစ်အထိ ထပ်တိုးတာ၊ ပြန်လည်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ဒီအချက်လက်တွေဟာ PPNM က လက်လှမ်းမီသလောက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အရေအတွက်သာဖြစ်ပြီး လက်တွေ့မှာ အခုထက်ပိုများနိုင်တယ်လို့လည်း မရောင်နီလင်းက RFA ကို ပြောပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု အလွန်နည်းသလို နိုင်ငံတကာဖိအားကို ရှောင်လွှဲဖို့ ဟန်ပြသာဖြစ်ပြီး တစ်ဖက်မှာလည်း ထောင်တွင်းဖိနှိပ်မှုတွေ ဆက်ရှိနေတယ်လို့ PPNM က ထောက်ပြထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စစ်တပ်ခန့်အစိုးရကို ထိထိရောက်ရောက် ဖိအားပေးဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး တွန်းအားပေးဖို့ PPNM က တောင်းဆိုထားပါတယ်။

Download metadata bundle
27 Aug 2026, 00:51 GMT By RFA Burmese

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဟာ နောက်ထပ် အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ ပိုပြီး ဆိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီအရင်ခံစာသစ်မှာ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်လိုမှုနဲ့ တရားဝင်မှုအတွက် ၂၀၂၁ အာဏာသိမ်းမှုက စပြီး တိုင်းပြည်နဲ့ အရပ်သားပြည်သူတွေရဲ့ ဒုက္ခတွေဟာ ပိုနက်ရှိုင်းလာခဲ့ကြောင်း၊ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် အမြဲတမ်းဖိနှိပ်ချိုးနှိမ်နေတာတွေကနေ နောက်ဆုံး ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် မြေရှားသတ္တု တရားမဝင်တူးနေတာတွေအထိ လူ့အခွင့်အရေး ချိုးဖောက်မှု ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့နောက် ၁၀ နှစ်သားဒီမိုကရေစီစနစ် ပျက်သုန်းခဲ့ပြီး နိုင်ငံဟာ သွေးထွက်သံယိုများတဲ့ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ကပ်ဆိုးကြီးသင့်ခဲ့ရကြောင်း ၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒီပဋိပက္ခကြောင့် အချင်းချင်း အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် လူ တစ်သိန်းကျော် သေဆုံးခဲ့ရတ ယ်လို့လည်းဖော်ပြထားပါတယ်။ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တွေကို အနိုင်ယူပြီး တိုင်းပြည်ကို လက်ဝါးကြီးအုပ်နိုင်ဖို့ တိုက်ပွဲတွေ ဆင်နေသလို တစ်ဖက်မှာလည်း အရပ်သားတွေအပေါ် လေကြောင်းကတိုက်ခိုက်တာ၊ အိမ်တွေ မီးရှို့ဖျက်ဆီးတာ ၊ အိုးအိမ်မှာ မနေနိုင်ဘဲ ထွက်ပြေးအောင် စစ်ဆင်တာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးမရအောင် ကန့်သတ်တာ စတဲ့ နည်းတွေကျင့်သုံး နေတယ်လို့လည်း အစီအရင်ခံစာက ထောက်ပြထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနက ထုတ်ပြန်တဲ့ ဒီအစီအရင်ခံစာဟာ ၂၀၂၅ ဇွန်လကနေ ၂၀၂၆ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံအခြေအနေတွေကို လေ့လာတင်ပြထားဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ စီးပွားရေးအကြပ်အတည်း၊ အရပ်သားပြည်သူတွေ ထိခိုက်ခံစားရမှုတွေကို ဆက်စပ်မီးမောင်းထိုး ဖော််ပြထားပါတယ်။ အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်တွင်းမှာ စစ်ပြေးရတဲ့ အိုးအိမ်စွန့် ထွက်ပြေးနေရသူ ၃.၆ သန်းရှိလာခဲ့ပြီး လူဦးရေ ၁၂.၄ သန်းဟာလည်း ငတ်မွတ်ခေါင်းပါးမှု ကို ရင်ဆိုင်နေရကြောင်း၊ ဒီအထဲမှာ ကလေးသူငယ်နဲ့ မိခင် ၄ သိန်းကျော်ဟာ အဟာရချို့တဲ့ခေါင်းပါးမှုကို ခံစားနေရကြောင်းလည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် နဲ့ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွေမှာ နိုင်ငံတကာရာဇဝတ်မူတွေနဲ့ ဒုစရိုက်စီးပွားရေးလုပ်ငန်း တွေကြီးထားလာခဲ့ကြောင်း၊ ဒီအထဲမှာ တရားမဝင် မြေရှားသတ္တုတူးဖော်တာတွေ ဟာ ၂၀၂၁ ကနေ လက်ရှိအချိန်အထိ မြေရှားတူးဖော်မှု ၃၀၂ ခုအထိ ရှိလာခဲ့ပြီး ၁၄၉ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ လည်း ဖော်ပြထားပါတယ်။

Download metadata bundle
27 Aug 2026, 00:48 GMT By RFA Burmese

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်ကြောင့် အိုးအိမ်စွန့်ထွက်ပြေးပြီး အခြေအနေမဲ့နေထိုင်ကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေ ခံစားရတဲ့ ဒုက္ခဆိုးကြီးဟာ ၁၀ နှစ်နီးပါးရှိသွားပြီဖြစ်ပြီး သူတို့အရေးကို နိုင်ငံတကာက အလေးထားပြီး ဖြေရှင်းပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က သြဂုတ်လ ၂၅ ရက်နေ့က ထပ်မံတောင်းဆိုလိုက် ပါတယ်။ ၂၀၁၇ ရိုဟင်ဂျာနယ်မြေရှင်းလင်းရေးစစ် ၉ နှစ်ပြည့်တဲ့အချိန်မှာာ အခုလို တောင်းဆိုတာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံအများအပြားကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ ဟာ လုံခြုံမှု မရှိကြသလို အကာအကွယ်မဲ့အခြေအနေတွေ ကျနေပြီး ရေရှည်တည်တံ့မဲ့ ဖြေရှင်းမှုလည်း ရဖို့ ပိုဝေးလာနေကြောင်း၊ မြန်မာပြည်တွင်းက စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေလိုက်နာပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့လိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မစ္စတာဂူတားရက်စ်ဟာ ပြီးခဲ့တဲ့ မတ်လကလည်း ရိုဟင်ဂျာအရေးကို နိုင်ငံတကာက မေ့လျော့မထားဘဲ အထောက်အပံ့အကူညီတွေ ပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့က နယ်‌မြေရှင်းလင်းရေးစစ်ဆင်ရေး ၉ နှစ်ပြည့်အဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် (Nicholas Koumjian) ကလည်း သြဂုတ်လ ၂၄ ရက်နေ့က တရားမျှတမှုရရှိဖို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထား ပါတယ်။ အလားတူ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူ့အခွင့်အရေး၊ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့က ဩဂုတ် ၂၅ ရက်နေ့က ကြေညာချက်အသီးသီး ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။

Download metadata bundle
26 Aug 2026, 14:55 GMT By RFA Burmese

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ကာလအတွင်း အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၃၇၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ BNI - Myanmar Peace Monitor က ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ “မြိုင်ရေနံမြေက အငြိုးအတေးခံ မြေဇာပင်များနှင့် အညာဒေသ၏ အရေးပါသော စစ်ရေးခွတ်ကွင်း” ဆိုတဲ့ အပတ်စဉ်သုံးသပ်ချက် အမှတ် (၂၀၂) မှာ ဖော်ပြထားတာပါ။ BNI ဖော်ပြချက်အရ မကွေးတိုင်းထဲမှာ မြိုင်မြို့နယ်က အရပ်သားသေဆုံးမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်အထိ ခုနစ်လကျော်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ နိုင်ငံတစ်ဝန်း မြို့နယ် ၁၁၇ မြို့နယ်ထဲမှာလည်း မြိုင်မြို့နယ်ဟာ မြဝတီနဲ့ မင်းတပ်ပြီးရင် တတိယမြောက် လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ BNI က ရေးသားထားပါတယ်။ လတ်တလောမှာလည်း အဲဒီရေနံမြေအစပ် နေရာတွေကို စစ်တပ်က လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။ “ဩဂုတ်လ ၂၄ ရက် ညနေကလည်း မကွေးတပ်က ဖိုက်တာတစ်စီး နဲ့ တံတားဦးတပ် ဖိုက်တာ တစ်စီး၊ နောက်တစ်ခုက ညောင်ဦးလေဆိပ်က လာတဲ့ Mi 35 နှစ်ခေါက်ပေါ့။ အဲဒါတွေနဲ့ ပစ်ကူပေးတယ်။ ဒါပေမဲ့လို့ သူတို့ ရှေ့မတက်နိုင်ပါဘူး။ တိုက်ပွဲထိတွေ့မှုတွေ တောက်လျှောက် ဖြစ်နေတာ။” လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေက ဝဲတူးရေနံမြေအစပ်အထိ ရောက်လာပေမဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရေနံမှော်တွေနဲ့ နီးလာတာသာရှိပြီး မှော်ဧရိယာအတွင်းကိုတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ဩဂုတ် ၂၃ ရက်မှာလည်း စစ်တပ်စစ်ကြောင်းက ယာကြီးပြင်ကို ဝင်ရောက်ပြီး စာသင်ကျောင်းဆောင်တွေကို မီးရှို့ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ စာရေးခုံတွေ မီးလောင်ပျက်စီးခဲ့တဲ့အပြင် နေအိမ် ၆၀ ခန့်လည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သီးခြားထုတ်ပြန်တုံ့ပြန်ထားတာကိုတော့ လတ်တလော မတွေ့ရသေးပါဘူး။ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမြေဒေသကို စစ်တပ်က ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ နှစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Download metadata bundle
26 Aug 2026, 14:52 GMT By RFA Burmese

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ပတ်အတွင်း လူအယောက် ၂၀ ထက်မနည်း စစ်မှုထမ်းဆောင်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေနဲ့ မန္တလေးအခြေစိုက် မြေပြင်သတင်းအဖွဲ့က RFA ကို ပြောပါတယ်။ လတ်တလောအခြေအနေမှာ စစ်မှုထမ်းဖို့ ဖမ်းနေတာတွေကြောင့် မြို့ပေါ်မှာ လူငယ်တချို့ ပျောက်ဆုံးနေတာတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ စစ်မှုထမ်းပေါ်တာဆွဲမှုတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ မန္တလေးအခြေစိုက် မြေပြင်သတင်းအဖွဲ့ (Voice Of Mandalay) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ “မန္တလေးမှာ ဗရမ်းပတာကို ဖြစ်နေတာဗျ။ အိမ်ထဲလည်း ဝင်ဆွဲတယ်။ လမ်းမှာတွေ့တဲ့သူလည်း ဆွဲတယ်။ နေ့လယ်နေ့ခင်းကြီးတောင် ဆွဲနေတာဗျ။ နောက်ပြီး လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ သူတွေလည်း သူတို့နဲ့တွေ့ရင် အဆွဲခံရတယ်။” မဟာအောင်မြေမြို့နယ် ၆၈ လမ်း ၁၀၁ လမ်းမှာ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းအချိန်က အမျိုးသားတစ်ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး သူစီးလာတဲ့ စူပါကပ်အမျိုးအစား ဆိုင်ကယ်က သော့တန်းလန်းနဲ့ ကျန်ခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၇ လမ်း နဲ့ ၈၈ လမ်း ကြားမှာ နယ်ကနေ ဈေးလာဝယ်တဲ့ Light Truck ကားပေါ်က အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ ဒီလိုဖမ်းဆီးနေတာတွေမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ရပ်ကွက်ထဲက ရာအိမ်မှူးတွေ ပါဝင်ပတ်သက်နေပြီး လူအရောင်းအဝယ်ဈေးကွက်တစ်ခုလို သိန်း ၃၀ အထက်ကနေ သိန်း ၁၀၀ ထိ ဖမ်းဆီးငွေတောင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတံတားပေါ်မှာ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ထိုင်းက ပြန်လာတဲ့ လူငယ် ၁၈ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသလို စစ်ကိုင်းမြို့ပေါ်တွေမှာလည်း စစ်မှုထမ်းလိုအပ်ချက်အတွက် လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ စစ်တပ်က ဩဂုတ်လအတွင်းမှာ ဖွင့်လှစ်မယ့် စစ်မှုထမ်း အမှတ်စဉ် ၂၈ အတွက် လူအင်အား လိုအပ်ချက်ကို ပြည့်မီအောင် နိုင်ငံတစ်ဝန်းမှာ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် လူငယ်တွေနဲ့ မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ စစ်တပ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ကာကွယ်ရေးနဲ့ ပတ်သက်လို့ ခေတ်မီတပ်မတော်ဖြစ်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ရက် (၁၀၀) ပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အခုလိုစစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတာတွေအပေါ် စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ဖုန်းမဖြေပါဘူး။

Download metadata bundle
26 Aug 2026, 03:44 GMT By RFA Burmese

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ၉ နှစ်ပြည့်ချိန်မှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူ့အခွင့်အရေး၊ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့က ဩဂုတ် ၂၅ ရက်မှာ အသီးသီး တောင်းဆိုလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၉ နှစ်ကြာလာပေမဲ့ ရိုဟင်ဂျာတွေဟာ ဒီနေ့အထိ ဖိနှိပ်ညှဉ်းပန်းမှု၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်အပေါ် ကန့်သတ်မှု၊ အတင်းအကျပ် စစ်သားစုဆောင်းခံရမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအသိုက်အဝန်းတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အင်ဒရူး ဂျက်ဆန် (Andrew Jackson) က ပြောပါတယ်။ “စိန်ခေါ်မှုများစွာ ဆက်ရှိနေတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ရိုဟင်ဂျာများနဲ့ အခြား လူနည်းစုအသိုက်အဝန်းများ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာနဲကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေဖို့ ကျွန်တော်တို့ အထူးတိုက်တွန်းပါတယ်" ရိုဟင်ဂျာတွေအတွက် တရားမျှတမှု၊ တာဝန်ခံမှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အပြည့်အဝ ပါဝင်ခွင့် မရှိဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူအားလုံးအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအပါအဝင် နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ အလားတူ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့ကလည်း ဩဂုတ် ၂၅ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုပါတယ်။ အဲဒီပူးတွဲထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တွေကို ဆက်လက်ကန့်သတ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်လက်ဆိုးရွားနေပြီး နေရပ်ပြန်နိုင်မယ့် အခြေအနေတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒုက္ခသည်ဘဝနဲ့ ကိုးနှစ်ကြာ နေထိုင်ခဲ့ရပေမဲ့ တရားမျှတမှုနဲ့ နေရပ်ပြန်ခွင့် မရသေးတာကြောင့် နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာအရေးကို မမေ့ဘဲ ဆက်လက်ကူညီပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်မြိုင်က RFA ကို ပြောပါတယ်။ “အခုကတော့ ၉ နှစ်တောင်ပြည့်သွားပြီးပေါ့နော် ကျွန်တော်တို့ ဒုက္ခသည်ဘ၀နဲ့နေရတာ၊ ဒါပေမဲ့ တရားမျှတမှုဆိုတာ လုံး၀မရသေးဘူး။ နေရပ်လည်း ပြန်မရဘူး နိုင်ငံတကာက ကူညီပေးပေမဲ့ ထိရောက်မှုမရှိဘူး။ ထိရောက်မှုမရှိဘူးဆိုတာ နေရပ်ပြန်လို့မရဘူး အဲဒါပဲ ပြောချင်တာပါ။ အဓိကကတော့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးပေါ့နော် ပြီးတော့ ကျွန်တော်တို့ရဲ့ လုံခြုံမှု တရားမျှတမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာပေါ့နော် ဒုက္ခသည်တွေ နေရပ်မပြန်ခင်အထိ ကမ္ဘာကြီးက မမေ့ဖို့ပေါ့” အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဆင်ရေး ၉ နှစ်ပြည့်ချိန်မှာ သူတို့ရဲ့ တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက်ရပ်တည်မယ်လို့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးသလို ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် စိုးရိမ်တယ်လို့ NUG က ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အနည်းဆုံး ရိုဟင်ဂျာ ခုနှစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာခဲ့တဲ့ ရိုဟင်ဂျာ ငါးသိန်းလေးသောင်းကျော်သာ ရှိတယ်လို့ ဩဂုတ် ၁၄ ရက်နေ့က ငြင်းဆိုထားပါတယ်။

Download metadata bundle
25 Aug 2026, 22:58 GMT By RFA Burmese

မကွေးတိုင်းမှာ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် သုံးရာနီးပါးရှိခဲ့တဲ့ အကြောင်း သတင်း ပေးပို့ချက်ကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download metadata bundle
25 Aug 2026, 20:06 GMT By RFA Burmese

အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး အပါအဝင် ပါတီဝင် ၁၃၃ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ် ၂၂ ရက်နေ့မှာ NLD က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦးနဲ့ ပါတီဝင် ၂,၇၄၄ ဦး၊ စုစုပေါင်း ပါတီဝင် ၂၉၀၀ နီးပါး (၂,၈၉၄ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က ပြည်သူလူထု ထောက်ခံမှုအများဆုံးရရှိခဲ့တဲ့ NLD ပါတီကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဖိနှိပ်နေတယ်ဆိုတာ ပြသနေတယ်လို့ ပါတီရဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲဟာ အလွဲအမှား အလိမ်အကောက် မရှိခဲ့ပါ။ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုထောက်ခံမှုအများဆုံးရှိတဲ့ NLD ကို ရည်ရွယ်ချက်ရှိရှိ နဲ့ ဖိနှိပ်တာပါ။ ပြည်သူရော နိုင်ငံတော်ကိုပါ ဒုက္ခပေးနေတာပါ” ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့အထိ NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပါတယ်။ ဒီကာလအတွင်းမှာပဲ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၆၂ ဦးတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး၊ NLD ပါတီ ရုံးချုပ်ကနေ ရပ်/ကျေးရုံးတွေအထိ ဖျက်ဆီးခံရတာဟာလည်း အကြိမ် ၁၇၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ NLD ပါတီ ထုတ်ပြန်ချက်ရဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက် တစ်စုံတရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ပြန်ပြီးမှတ်ပုံမတင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁,၁၁၇ ခုမှာ မဲဆန္ဒနယ် ၉၂၀ အနိုင်ရခဲ့တယ်လို့ အဲဒီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။

Download metadata bundle
25 Aug 2026, 18:38 GMT By RFA Burmese

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တစ်နှစ်ကျော်ကြာ စစ်တပ်တပ်စွဲနေတဲ့ မှော်ဝမ်းလေး ကျေးရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်းကို အခုလအတွင်းမှာပဲ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က အတည်ပြုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကတည်းက အင်အားထောင်ချီပါတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ မှော်ဝမ်းလေးကျေးရွာအပါဝင် ရွာပေါင်း ခုနစ်ရွာလောက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒီနေ့အထိ တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။ ဒီဩဂုတ်လဆန်းပိုင်းမှာပဲ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို နေအိမ်တွေကို ပြန်လည်နေထိုင်ခိုင်းချိန်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒီရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရုပ်အလောင်းတွေအားလုံးက ဩဂုတ်လ ၆ ရက်ကနေ ဒီနေ့အထိ တွေ့လာတဲ့အရေအတွက်ပါ။ အားလုံးက တစ်နေရာထဲမှာ တွေ့တာမဟုတ်ဘူး။ အိမ်တွေခြံတွေ သန့်ရှင်းရေးလုပ်ရင်း ဟိုမှာတစ်လောင်း ဒီမှာတစ်လောင်းတွေ့ကြတာပါ။ အခု စစ်တပ်ပူးပေါင်းစစ်ကြောင်းတွေက ရွာထဲမှာမရှိတော့ဘူး။ မနေတော့ဘူး။ ရွာအပြင်ဘက်တွေကို ထွက်ပြီးတပ်စွဲနေပြီး အရပ်သားတွေကို နေအိမ်တွေကို ပြန်လာခွင့်ပေးတာ။ အရင်က ဒီနေရာ ဒီအိမ်တွေက စစ်တပ်နေသွားတော့ ဒီရုပ်အလောင်းတွေဟာ သူတို့လက်ချက်နဲ့ သေဆုံးကြသူတွေပေါ့။ သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာတော့ မသိသေးဘူး” တူးဖော်ရရှိခဲ့တဲ့ ရုပ်အလောင်းတွေဟာ ကျား၊ မ ခွဲခြားလို့မရအောင် ပျက်စီးနေပြီး ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက စနစ်တကျ ပြန်လည် မြှုပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုပ်အလောင်းအများစုမှာ အကောင်းအတိုင်း တွေ့ရတာ မရှိဘဲ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေဖြစ်တဲ့ ဦးခေါင်းခွံကွဲအက်နေတာ၊ လက်ဖျံရိုးကျိုးနေတာ၊ ခြေတစ်ဖက်မရှီတာ စတဲ့ အခြေအနေတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီရုပ်အလောင်းတွေဟာ စစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ပြည်သူတွေ ဖြစ်နိုင်တယ်လို့ KIA ရဲ့ RFA ကို ပြောပါတယ်။ “အဲဒီ ရုပ်အလောင်းတွေက မနှစ်က ၂၀၂၅ မေလကနေ အခုထိပေါ့။ တိုက်ပွဲတွေ ပြင်းထန်တဲ့ အချိန်ကာလလောက်မှာ ပြည်သူလူထုတွေကို သတ်ဖြတ်ပြီးမှ မြှုပ်နှံထားတဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်တာပေါ့။ ဒါကြောင့် ပြည်သူလူထုက ပျောက်သွားတာတွေ အဲလို ပြည်သူတွေရဲ့ ရုပ်အလောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က အဲလို သုံးသပ်ပါတယ်” ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မြို့အဝင်အထွက် လမ်းပိုင်းနဲ့ တပ်စခန်းအများစုကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေကိုလည်း လနဲ့ချီ ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကစပြီး မိုးကောင်း၊ ကာမိုင်း၊ တနိုင်း စတဲ့ မြို့နယ်တွေကနေ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင် အင်အားထောင်နဲ့ချီပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖားကန့်မြို့ကို ပြန်လည်ဝင်ရောက်ပြီးနောက် ဖားကန့်-ကာမိုင်းလမ်းပိုင်းက တပ်စခန်းတချို့နဲ့ မြို့ပေါ် ရပ်ကွက်တချို့ကို ပြန်လည် ထိန်းချုပ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။ ဒီရုပ်အလောင်းတွေနဲ့ပတ်သက်လို့ ပြောဆိုချက်တွေအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက အခုချိန်ထိ တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးသလို ကချင်ပြည်နယ်ရဲ့စစ်တပ်ခန့်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

Download metadata bundle
25 Aug 2026, 17:02 GMT By RFA Burmese

မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ ဒရုန်း၊ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာစတဲ့ ဝေဟင်သုံး တိုက်ခိုက်မှုတွေအပါအဝင် တိုက်လေယာဥ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေ စုစုပေါင်း ၃၁၇ ကြိမ် ရှိခဲ့တယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လအတွင်း မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၄၄၄ ကြိမ်ရှိခဲ့တဲ့အတွက် ဇူလိုင်လမှာ အများဆုံးဖြစ်တယ်လို့ဆိုပါ တယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေရော ရွာတွေကိုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့်ပါ သေဆုံးရတဲ့ လူပေါင်း ၄၀ ကျော်ရှိပြီး ပျက်စီးရတဲ့အိမ်နဲ့ အဆောက်အဦ ၅၆၀ လောက်ရှိသလို၊ လူပေါင်း ငါးသောင်းကျော် လောက်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ မြိုင်မြို့နယ်မှာ အထိခိုက်ဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၁၇၆ ကြိမ်အထိခံရသလို သေဆုံးရတဲ့အရပ်သား ၂၁ ယောက်၊ ဒဏ်ရာရတဲ့သူအယောက် ၂၀ ၊ ပျက်စီးရတဲ့အဆောက်အဦက ၄၁၁ လုံးရှိတယ်လို့ ဖော်ပြထား ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကိုလေ့လာကြည့်တဲ့အခါ အရပ်သားတွေရဲ့နေရာတွေနဲ့စာသင်ကျောင်းတွေကို ပစ်မှတ်ထား တာသိသာတယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုရဲ့ သုတေသနနှင့်ပညာရေး ဒါရိုက်တာဖြစ်သူ မမေတမာက RFA ကိုပြောပါတယ်။ “ အထက်တန်းကျောင်းပွဲတစ်ခုမှ ဒရုန်းနဲ့တိုက်ခိုက်တယ်။ စာသင်ဆောင်တစ်ဆောင်ပျက်စီးခဲ့တယ်။ ဆောမြို့ နယ်မှာလည်း စာသင်ကျောင်းကိုပဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တယ်။ ချောက်မြို့နယ်မှာ စာသင်ကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာစာသင်ကျောင်ဆောင်အချို့ပျက်စီးခဲ့တယ်။ အလားတူမြို့မြို့နယ်မှာ Y 12 နဲ့ ဗုံးကြဲ တိုက်ခိုက်တယ်။ စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့တာမျိုးတွေရှိခဲ့တယ်။ အဆိုးဆုံးကတော နတ်မောက် မြို့နယ်မှာ မူလတန်းလွန်ကျောင်းကို ပစ်မှတ်ထားပြီးတော့ ကလေးတွေစာသင်နေတဲ့အချိန်မှာ Mi 35 တိုက်ခိုက် ရေးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အဲဒီအတွက် မူလတန်းအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီးတော့ တခြား ကလေး ၇ ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာတွေ့ရတယ် ” မကွေးတိုင်းမှာ ၂၅ မြို့နယ်ရှိပြီး လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာက ၁၂ မြို့နယ် ရှိပါတယ်။ ပခုက္ကူခရိုင်ထဲက ပေါက်၊ ပခုက္ကူ၊ မြိုင်နဲ့ ရေစကြို၊ မင်းဘူးခရိုင်ထဲက ပွင့်ဖြူနဲ့ ငဖဲ၊ ဂန့်ဂေါခရိုင်ထဲက ထီးလင်းနဲ့ ဆော၊ သရက် ခရိုင်ထဲက မင်းတုန်းနဲ့ မင်းလှ၊ မကွေးခရိုင်က ချောက်နဲ့ နတ်မောက်မြို့နယ်တို့ ပါဝင်ပါတယ်။ အဲဒီ မြို့နယ်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲက အကြိမ် ၂၀ ရှိခဲ့တယ်လို့ပြောပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကအထိနာနေတဲ့အတွက် လေကြောင်းကိုပဲအဓိကအားပြုသုံးပြီးတိုက်နေတာလို့ မကွေးတိုင်းမှာ လက်နက်ကိုင်တော်လှန်နေတဲ့ ရဲဘော်ယောလေး က RFA ကိုပြောပါတယ်။ “အဓိကကတော့ မကွေးက ရခိုင်ရဲ့ ဝင်ပေါက်ထွက်ပေါက်ဖြစ်တယ်ပေါ့နော်၊ ရခိုင်တပြည်နယ်လုံးကော၊ ရခိုင်ထိစပ်နေရာတွေမှာပါ AA ရဲ့ ခံခွါခြည်တိုက်တွေကြောင့် စကစက အထိနာနေတယ်ပေါ့လေ၊ ဒါကြောင့် မကွေးတင်မကဘူး။ ရခိုင်မှာလည်း လေကြောင်းက တောက်လျှောက်ဗုံးကြဲနေတာပဲ “ အခုဆိုရင် ဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ အရပ်သားတွေဟာ မိုးများတဲ့အတွက်လည်း လေကြောင်းရန် အပြင် ရာသီဥတုဒဏ်ပါခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စာရင်းပြုပြီး နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကလည်း စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ ငါးနှစ် ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂,၅၂၂ ဦး သေဆုံးပြီး ၂,၃၉၇ ဦး ဒဏ်ရာရခဲ့တယ် လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။

Download metadata bundle
24 Aug 2026, 21:25 GMT By RFA Burmese

ရုရှားနိုင်ငံနဲ့ ဆက်စပ်ကုန်သွယ်နေတဲ့ ရေနံတင်သင်္ဘောတွေဟာ မြန်မာနဲ့ဆီးရီးယားနိုင်ငံအလံတွေကို ပုံမှားရိုက် လွှင့်တင်ပြီး နိုင်ငံတကာ ပိတ်ဆိုအရေးယူထားတာကို ရှောင်နေတဲ့ ဖြစ်စဥ်တွေ ၂၀၂၆ ဒုတိယလေးလမှာ ပိုများလာတယ်လို့ စင်္ကာပူအခြေစိုက် ရေကြောင်းဆိုင်ရာသတင်းဌာနဖြစ်တဲ့ Splash က သြဂုတ်လ ၂၄ ရက်နေ့က ရေးသားလိုက်ပါတယ်။ ကုလသမဂ္ဂရေကြောင်းလုံခြုံရေးလေ့လာမှုအဖွဲ့ (International Maritime Organization) ရဲ့ လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ အခုလို သိရှိရတာဖြစ်ပြီး ရေကြောင်းခရီးလမ်းမှာ မှတ်ပုံတင်နိုင်ငံအတုနဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှု တွေကို ရှောင်ရှားဖို့ နောက်ဆုံးလှည့်ကွက်တစ်ခုအနေနဲ့ ရုတ်တရက် ကျယ်ပြန့်ကြီးထွားလာနေတယ်လို့လည်း ဆိုပါတယ်။ ရေကြောင်းဆိုင်ရာ လုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Windward အဖွဲ့ရဲ့ အဆိုရာ ၂၀၂၅ နှစ်ကုန်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံအလံ အတုလွှင့်တင်ပြီး ကုန်သွယ်နေတဲ့ သင်္ဘော ၄၇၀ ရှိခဲ့ပေမယ့် အခု နှစ် ဒုတိယ လေးလပတ်မှာ သင်္ဘောအစီးရေ ၅၈၀ အထိ တိုးလာတယ်လို့ဆိုပါတယ်။ ဒါဟာ ၂၃ ရာခိုင်နှုန်းကျော် ၆ လ အတွင်း တိုးလာတာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်လွှား ကုန်သွယ်နေတဲ့ ရေနံတင်သင်္ဘော ၂၇၅ စီးဟာ မူရင်းမှတ်ပုံတင်နိုင်ငံကို လိမ်လည်တင်ထားပြီး ပထမ လေးလထက် ၁၅ စီးလျှော့ပေမယ့် ၈ လအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ၂၂ စီးထိ တိုးလာတဲ့သဘောလို့ဆိုပါတယ်။ ဒီလို မှတ်ပုံတင်နိုင်ငံနဲ့အလံအတုတင်ပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘော ၉၀ ရခိုင်းနှုန်းဟာ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယုမှုခံထားရတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အလံတုတင်ပြီး မှတ်ပုံတင်ပုံမှားရိုက်ပြေးဆွဲခံရတဲ့ နိုင်ငံတွေထဲမှာ နီကာရာဂွါးနဲ့ အီကွေတိုရီယာ ဂီနီတို့ပြီးရင် ဆီးရီးယားနဲ့ မြန်မာက အများဆုံး အလံတွေဖြစ်တယ်လို့ဆိုပါတယ်။

Download metadata bundle